menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ဒန်းကျွဲပင် ပုခက်လွှဲခေတ်ရောက်နေသော ဂွါတီမာလာနိုင်ငံ


ဆယ်ကျော်သက်မိန်းကလေးတွေက ကလေးငယ်လေးတွေကို ပွေ့ပြီးချီထားကြတယ်။ ကြည့်လိုက်ရင်တော့ သူတို့မောင်လေး၊ ညီမလေးတွေကို ထိန်းနေတယ်လို့ ထင်ရမယ်။ ဒါပေမဲ့ ဂွါတီမာလာနိုင်ငံက မြင်ကွင်းကတော့ ဒီလို ထင်မြင်ယူဆလို့ မရပါဘူး။
ဘာကြောင့်လဲဆိုတော့ ဂွါတီမာလာမှာ မွေးဖွားလာတဲ့ ကလေးငယ် ၂၅ ရာခိုင်နှုန်းဟာ ဆယ်ကျော်သက်မိန်းကလေးတွေ ကိုယ်ဝန်ဆောင်ပြီး မွေးလာကြတဲ့ကလေးတွေ ဖြစ်နေ ပါတယ်။ တချို့သော သားသည်မိခင်တွေဆိုရင် ၁၃ နှစ်တောင်မရှိသေးပါဘူး။ ၂၀၁၁ ခုနှစ်မှာ သားသည်မိခင် ၃၅ ယောက်ဟာ အသက် ၁၀ နှစ်ပဲရှိသေးတာကို တွေ့ခဲ့ရတယ်။ တုန်လှုပ်စရာကောင်းတဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြဿနာဟာ ဂွါတီမာလာနိုင်ငံမှာ ကပ်ရောဂါဆိုးကြီးလို ဖြစ်နေပါပြီ။ ဒီလို အသက်ငယ်ငယ် လေးနဲ့ ကိုယ်ဝန်ဆောင်ကြတဲ့ ပြဿနာမှာ မိန်းကလေးတွေရဲ့ ဦးလေး၊ ၀မ်းကွဲအကိုစတဲ့ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သက်နေတာလည်း တွေ့ရတယ်။

တကယ်တော့ ဒီဖြစ်ရပ်မှာ ကာယကံရှင် မိန်းကလေးတွေကိုယ်နှိုက်က သူတို့ဘ၀၊ သူတို့ အခြေအနေ ဘယ်လို ဖြစ်ပျက်ခဲ့ရသလဲဆိုတာကိုတောင် မသိကြရှာပါဘူး။ ပဋိသန္ဓေတားဆေးဆိုတာလည်း ကြားတောင် မကြားဖူး ကြပါဘူး။ ဒီလို ဆိုးဝါးလှတဲ့ အခြေအနေကို နှစ်နှစ်ကျော် အချိန်ယူပြီးမှတ်တမ်းတင်ခဲ့သူကတော့ ဆွီဒင်နိုင်ငံက ဓာတ်ပုံသတင်းသမား လင်ဒါဖော်ဆဲလ် ဖြစ်ပါတယ်။ မိန်းကလေးတွေက သူတို့ဘ၀ဇာတ်ကြောင်းတွေကို ပြန်လည်ပြောပြခဲ့ကြတယ်။ ဒီဖြစ်ရပ်တွေထဲမှာ မတရားပြုကျင့်ခံရလို့ ကိုယ်ဝန်ရခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးတဦး။ အသက် ၂၂ နှစ်အရွယ် ခင်ပွန်းဖြစ်သူဆီ ရောင်းစားခံရတဲ့ ၁၂ နှစ် သမီးလေးရဲ့ဘ၀၊ အသက် ၂၈ နှစ်အရွယ် ယောကျာ်းတယောက်က လက်ဆောင်တွေပေးပြီး မြူဆွယ်ခံရတဲ့ မိန်းကလေးငယ် တဦးရဲ့ ဖြစ်ရပ်တွေဟာ ဂွါတီမာလာမှာ တကယ်ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းတွေဖြစ်ပါတယ်။


 ၂၀၁၄ ခုနှစ်အတွင်းမှာ အသက် ၁၄ နှစ် မပြည့်သေးတဲ့ ကိုယ်ဝန်ဆောင် မိန်းကလေးတွေက မွေးလာတဲ့ ကလေးသူငယ်ပေါင်း ၅၁၀၀ ရှိခဲ့တယ်။ ၂၀၁၃ ခုနှစ်က ၄၃၅၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဂွါတီမာလာအစိုးရကတော့ ဒီလိုဖြစ်နေတဲ့ အခြေအနေကို တိုက်ဖျက်ဖို့ ကြိုးစားနေတယ်။ ယခု သီတင်းပတ် အတွင်းမှာ တရားဝင်အိမ်ထောင်ပြုနိုင်တဲ့အရွယ်ကို ၁၈ နှစ်သတ်မှတ်တဲ့ ဥပဒေတရပ်ပြဋ္ဌာန်းခဲ့တယ်။ အရင် တုန်းကတော့ ၁၄ နှစ်လို့ သတ်မှတ်ခဲ့ပါတယ်။ အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်ကလေးမလေးတွေ ကိုယ်ဝန်ဆောင်ပြဿနာဟာ ဂွါတီမာလာနိုင်ငံရဲ့ လူမှုရေးဘ၀နဲ့ ဆက်စပ်နေတယ်လို့ ဂွါတီမာလာရဲ့ ဖိုမမျိုး ပွားမှုဆိုင်ရာ ကျန်းမာရေးလေ့လာတဲ့အဖွဲ့အကြီးအကဲ မီရာနာမွန်တီနိဂရိုးက ပြောခဲ့ပါတယ်။ ဂွါတီမာလာ အမျိုးသားတွေရဲ့ ခံယူထားတဲ့ အတွေးအခေါ်ထဲမှာ မိန်းမဆိုတာ ယောကျာ်းတွေရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်တယ်။ ယောကျာ်းတွေကြိုက်သလို လုပ်ပိုင်ခွင့်ရှိတယ်လို့ ယူဆထားကြတယ်။
အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ ဂွါတီမာလာနိုင်ငံ ပြည်တွင်းစစ်ရဲ့အမွေအနှစ်လို ဖြစ်နေပါတယ်။ ဂွါတီ မာလာ ပြည်တွင်းစစ်ပွဲဟာ ၃၆ နှစ်ကြာခဲ့ပြီး ၁၉၉၅ ခုနှစ်အထိ ကြာခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလအတွင်းမှာ အမျိုးသမီးပေါင်း တသိန်းလောက် မတရားပြုကျင့်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြည်တွင်းစစ်ပွဲမှာ စီအိုင်အေ ထောက်ခံအားပေးတဲ့ လက်ယာသမား ဗိုလ်ချုပ်တွေနဲ့ လက်ဝဲသမား သူပုန်တွေ နှစ်ဖက်စလုံးက မုဒိမ်းမှုကို လက်နက်တခုအဖြစ် အသုံးပြုခဲ့ကြတယ်။ အမျိုးသမီး ၁၀၀၀၀ လောက်ကသာ ဒီလို အဓမ္မပြုကျင့်ခံရတာကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် တိုင်ကြားခဲ့ကြပြီး အရေးယူခံရတဲ့သူ ၁၀ ရာခိုင်နှုန်းလောက်သာရှိခဲ့တယ်။


ဂွါတီမာလာနိုင်ငံရဲ့ မုဒိမ်းမှုနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ရမှုတွေဟာ အမျိုးသားတွေကြောင့်ဖြစ်ရတာတင် မကပါဘူး။ ကလေးမလေးတွေရဲ့ မိခင်တွေကိုယ်တိုင်ကလည်း သမီးလေးတွေကို ရောင်းစားတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အခုလို အဓမ္မပြုကျင့်ခံရတာတွေ၊ ကိုယ်ဝန်ရသွားတာတွေကို သက်ဆိုင်ရာကို တိုင်ကြားလေ့မရှိပါဘူး။ သာမန်ဖြစ်ရိုးဖြစ်စဉ်လို သဘောထားခဲ့ကြတယ်။ လူ့အဖွဲ့အစည်းမှာလည်း ဒီပြဿနာကို ဆွေးနွေးတင်ပြစရာမလိုဘူးလို့ ယူဆထားကြောင်း ဂွါတီမာလာနိုင်ငံမှာ ခိုလှုံရေးစခန်းတွေဖွင့်ထားတဲ့ မော အလီယန်ဇာအဖွဲ့ရဲ့ ဒါရိုက်တာ ကာဇိုလီနာအက်ကိုဘာက ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါကြောင့် အခုလို မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက် အဓမ္မမှုတွေကို ဥပဒေအရ အရေးယူဖို့ အခက်အခဲ တွေရှိနေပါတယ်။

 ကာယကံရှင် မိသားစုတွေကိုယ်တိုင်ကလည်း ဆယ်ကျော်သက်ကလေးတွေ ကိုယ်ဝန်ဆောင်ရတဲ့ ပြဿနာကို လူမသိအောင် ဖုံးဖုံးဖိဖိ လုပ်ခဲ့ကြတာ တွေ့ရတယ်။ ကိုယ်ဝန်ဆောင် ကလေးတွေ ဆေးရုံမှာ ကလေးမွေးရင် အမျိုးသားတွေ အရေးယူခံရမှာစိုးလို့ အိမ်မှာတင် ကလေးမွေးဖွားကြတာလည်း ရှိပါတယ်။ ဒီကနေ့ကာလမှာ အစိုးရက ဥပဒေသစ် ပြဋ္ဌာန်းလိုက်တဲ့အတွက် ဆယ်ကျော်သက်ကလေးတွေ ကိုယ်ဝန်ဆောင်နေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ထွဋ်ဝင်းထွဋ်
Ref; Mail online
News Watch

No comments:

Post a Comment

မင်္ဂလာပါ..