menu
- Home
- Computer ဆိုင်ရာ
- MacBook ဆိုင်ရာ
- Printer ဆိုင်ရာ
- Camera ဆိုင်ရာ
- IOS ဆိုင်ရာ
- Android ဆိုင်ရာ
- Graphic Card ဆိုင်ရာ
- USB ဆိုင်ရာ
- PC-Software ဆိုင်ရာ
- Virus ဆိုင်ရာ
- FaceBook ဆိုင်ရာ
- Blogger ဆိုင်ရာ
- AirCon ဆိုင်ရာ
- အိမ်ခြံမြေ ဆိုင်ရာ
- နည်းပညာဆိုင်ရာစာအုပ်
- Knowledge ဆိုင်ရာ
- Technology ဆိုင်ရာ
- မော်တော်ကားဆိုင်ရာ
"နွားသား (အမဲသား) မစားသင့်ခြင်း အကြောင်း"
=======================
သီပေါမင်းပါတော်မူသောအခါ၌ လယ်တီဆရာတော်ကြီးသည် ဤသို့လျှင် အကြံအစည်တစ်ရပ် ဖြစ်တော်မူခဲ့ပါသည်။ မြန်မာနိုင်ငံကို ကုလားများ(အင်္ဂလိပ်ကို ကုလား၊ နောင်မှ ကုလားဖြူ ဟု သုံး၏)။ အုပ်ချုပ်လျှင် ကုန်းသတ္တဝါများစွာတို့ သေကြေပျက်စီးကြလိမ့်မည်။ အကြောင်းမှာ အနောက်နိုင်ငံသား ကုလားလူမျိုးတို့သည် အသားကို အလွန်အကျွံစားလေ့ရှိ၏။
သူတို့ ဤအရပ်သို့ရောက်လာလျှင် နွားသတ်ရုံ၊ ဝက်သတ်ရုံ၊ ဆိတ်သတ်ရုံ စသောရုံတွေ ဖွင့်လှစ်၍ သူတို့လူမျိုးနှင့် အမှုထမ်းများ စားသောက်ရန် သတ်ဖြတ်ကြလိမ့်မည်ဟူ၍ ဖြစ်၏။ လယ်တီဆရာတော်သည် မိမိအနီးရှိ သီတင်းသုံးဖော် သံဃာတော်များကို ယခုမြန်မာနိုင်ငံကို ကုလားဖြူများ အုပ်ချုပ်နေကြပြီ။ သူတို့အုပ်ချုပ်လျှင် ကုန်းသတ္တဝါတွေ သေကြေပျက်စီးကြလိမ့်မည်။ ထိုသတ္တဝါတို့တွင် နွားသည် လူတို့၏ အသက်သခင် အမိအဖသဖွယ်ဖြစ်၏။ အလွန်လည်း ကျေးဇူးများပေ၏။ သို့အတွက် သည်ယနေ့ကစပြီး မိမိတို့အပေါ် ကျေးဇူးများသော နွား၏ အသားကိုတပည့်တော်မစားတော့ဟု သန္နိဋ္ဌာန်ချဆုံးဖြတ်ခဲ့ပါပြီ။ ကိုယ်တော်တို့လည်း မစားကြပါနှင့်ဟု မေတ္တာရပ်ခံတော်မူပါသည်။
မြန်မာနိုင်ငံသည် လယ်ယာထွန်ယက်မှုကို အားပြုနေသော နိုင်ငံဖြစ်၍ နွားသည်စီးပွားဖက်ဖြစ်၏။ မြန်မာလူမှုရေး၌ နွားသည် နေရာတိုင်းပါရသဖြင့် နွား၏ကျေးဇူးသည် ကြီးမားလှသည်။ ဘုတလင်၊ မောင်းထောင်၊ ဒီပဲယင်း၊ စသောအရပ်ဒေသများတွင် သီတင်းကျွတ်လပြည့်နေ့ည၌ တစ်နှစ်တာလုံး မနားမနေခိုင်းစေလာသော နွားများ၏ အနီးအပါးတွင် ဆီမီးထွန်းညှိပေးပြီး “အမောင်နွား၊ ဘုရားကိုအာရုံပြု၍ ဤဆီမီးဖြင့် ပူဇော်ပါ။ မိုးတွင်းအခါက အမောင်နွားကို ရိုက်မိငေါက်မိသည်များကိုလည်း သည်းခံပါ၊ အပြစ်မယူပါနှင့်” ဟုတောင်းပန်ကန်တော့သော အလေ့ရှိခဲ့ပေ၏။ ရှေးအခါက နွားသားစားသူ၊ အမဲသားစားသူဟုဆိုလျှင် နစ်နစ်နာနာ ဆဲရေးခံရသည့်ပမာ အလွန်ခံရခက်အောင် နာကျည်းသည်ဟူ၏။
ထို့ပြင် ရှေးခေတ် မြန်မာ့ပညာရေးလောက၌ စတုရင်္ဂဗလအမတ်ကြီး၏ လောကနီတိသည် အရေးပါသော သင်ခန်းစာဖြစ်၏။
ထိုလောကနီတိဆုံးမစာ (ဂါထာ ၁၄၉-၁၅၀) တွင်
ဂေါဏာဟိ သဗ္ဗဂိဟီနံ၊ ပေါသကာ ဘောဂ ဒါယကာ၊
တသၼာ ဟိ မာတာပိတုဝ၊ မာနေယ သကၠေရယ်စ။
ယေ စ ခါဒန္တိ ဂေါမံသံ၊ မာတုမံသံဝ ခါဒတိ၊
မတေသု တေသု ဂိဇ္ဈာနံ၊ ဒဒေ မံသံဝ ခါဒတိ။
နွားကို အမိအဖတို့ကဲ့သို့ မြတ်နိုးရမည်။ နွားအသားစားသူသည် အမိ၏ အသားကို စားသူမည်၏။ နွားသေကို ဠင်းတကို ကျွေးသည်ဖြစ်စေ၊ ရေ၌မျှောသည်ဖြစ်စေ၊ ပြုရာ၏ ဟုလည်းကောင်း ရေးသားထားပေ၏။ မြန်မာဘုရင်များခေတ်က မျိုးစပါးသာမက မျိုးနွားဟု နွားကောင်း နွားသန့်ကို ထောက်ပံ့တော်မူ၏။
မင်းတုန်းမင်းကြီးလက်ထက်တော်အခါက ရွှေမြို့တော်အတွင်း၌ နွားသတ်ဖို့ မဆိုထားဘိ၊ နွားသားကိုပင် သယ်ဆောင်မယူသွင်းရ၊ နွားသတ်မှုအတွက်၊ ထောင်ဒဏ်၊ ကြိုးဒဏ်၊ ကြိမ်ဒဏ်၊ ငွေဒဏ်ဟု အပြစ်ဒဏ်ထားတော်မူ၏။ ခိုင်းနွားကို သတ်လျှင် ရောင်းချလျှင် ထောင်ဒဏ်ခြောက်လ၊ တစ်ကျပ်သုံး ဒင်္ဂ`ါးငါးရာ ဒဏ်ထား၏။ ကျွဲနွားသားကို စားလျှင် ထောင်ဒဏ် သုံးလနှင့် တစ်ကျပ်သုံးဒင်္ဂ`ါး ငါးဆယ်ဒဏ်ထား၏။ သိမီလိုက်သောပုဂ္ဂိုလ်များ၏ မိန့်ဆိုချက်အရ မင်းတုန်းမင်းကြီးလက်ထက်က အမဲသားစားသူကို မောင်းကျော်ဒဏ်ခတ်သည်ဟူ၏။ မောင်းကျော်ဒဏ်ခတ်သည်ဆိုသည်မှာ အရပ်ထဲလှည့်၍ အမဲသားစားသူ ဟုမောင်းတီးပြီး ကြေညာခြင်းခံရသော ဒဏ်မျိုးဖြစ်၏။
အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းယူပြီးနောက် ၁၂၁၄ခု၌ ရန်ကုန်မြို့ကို မြို့တော်အဖြစ် သတ်မှတ်ကာ မြို့သစ်တည်ခဲ့၏။ ၁၂၃၄ခုတွင် ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး ကျုံးနား၌ အမဲဈေး ဖွင့်လှစ်မည့်အကြောင်းကို ၁၂၃၄ခု၊ ကဆုန်လဆုတ် ၁၀-ရက်နေ့ (၁-၅-၁၈၇၂) ထုတ် မြန်မာ့သတင်းစာ၌ ဖော်ပြထားခဲ့၏။ အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီးသည့် အခါတွင်လည်း ရန်ကုန်မြို့မှာကဲ့သို့ပင် အမဲဈေးဖွင့်လှစ်မည်မှာ အမှန်ဖြစ်သည့်အတွက် လယ်တီဆရာတော်ဘုရားကြီးက နွားသားရှောင်ကြဉ်ရေးကို အလွန်အရေးကြီးသော အမျိုး ဘာသာ သာသနာရေးအဖြစ် သတ်မှတ်ကာ အမဲသားရှောင်ကြဉ်ကြစေဖို့ ရောက်ရာအရပ်၌ နှိုးဆော်ပြီး အကြောင်းသင့်သောအခါ၌ နွားမေတ္တာစာကို ရေးသားဖြန့်ဝေတော်မူခဲ့ခြင်းဖြစ်ပါသည်။
လယ်တီဆရာတော်ကြီး၏ နွားမေတ္တာစာမပေါ်မီ မန္တလေးမြို့ ဆီးပန်းနီဆရာတော်ကြီး၏ လူ့ပြည်ပျော်ပါးတို့အား ကျွန်ငနွား၏ လျှောက်ထားပုံလင်္ကာပေါ်ပေါက်ခဲ့ဖူးသော်လည်း လယ်တီဆရာတော်ကြီး၏ နွားမေတ္တာစာလောက် ထိရောက်ပြန့်နှံ့မှုမရှိခဲ့ပေ။ လယ်တီဆရာတော်ကြီး၏ နွားမေတ္တာစာကို နှုတ်ငုံဆောင် ကျက်မှတ်ကြသည်၊ တစ်ဆင့်တစ်ဆင့် ဟောပြောကြသည်။ ထို့နောက် လက်ကမ်းစာရွတ်ကလေးများ၊ အိတ်ဆောင်အရွယ် စာအုပ်ငယ်လေးများ ရိုက်နှိပ်၍ ဖြန့်ဝေခဲ့ကြသည်။
၁၂၆၀ပြည့်( ၁၈၉၈-ခု) တွင်ပြုစုသော ဓနုဖြူမြို့ အရှင်အာစာရ၏ နမောဗုဒ္ဓါယဋီကာကျမ်းနှင့် ပူးတွဲပုံနှိပ်ထားသော ဂေါဏာမာတိကာ သြဝါဒကထာကျမ်း၌ အကယ်၍သာ အထက်မြို့ရွာတို့၌ အင်္ဂလိပ်အစိုးရက တစ်မြို့တစ်မြို့လျှင် နွားသတ်ရုံဆောက်လုပ်၍ အမဲသားငါးတစ်နေ့ကို အကောင်လေးဆယ်၊ ငါးဆယ် စသည်သတ်ဖြတ်နေကြမည်ဆိုပါက တရွေ့ရွေ့ လုပ်ကိုင်ထွန်တိုက်ရန် ကျွဲနွားရှားပါး၍ ဆင်းရဲသားတို့ စီးပွားရေးလုပ်ငန်းပျောက်ဆုတ်၍ အစိုးရမင်းတို့လည်း အခွန်ပဏ္ဏာ ယုတ်လျော့ နိုင်ငံအလုံး သိမ်နုပ်သေးဖွဲ့၍ ဆင်းရဲကြီးစွာ တွေ့ကြုံရဆဲ တွေ့ကြုံလတ္တံ့၊ဟု ရေးသားထား၏။ ထို့ပြင် နွားသတ်ရုံ၊ နွားသတ်သားရေကုမ္မဏီများ မတည်ထောင်မဖွင့်လှစ်မီ ဗုဒ္ဓဘာသာ သာသနာ တော်မြတ်ကို ယုံကြည်လေးမြတ်ကြသော ကော်မတီလူကြီးများ၊ ရွာလူကြီး ၊ မြို့အုပ်၊ ဝန်ထောက်၊ စသောသူတော်ကောင်းတို့ ညီညွတ်တိုင်ပင်စည်းဝေးကြ၍ အမဲသားကိုမစားတမ်း၊ မဝယ်တမ်း၊ ကတိကဝတ်ပြုရှောင်ကြဉ်ကြပါမူ ရမည်းသင်း၊ ဝင်းပတော၊ မိုးညို၊ မြင်းခြံ၊ စလေမြို့များ၌ နွားသတ်ရုံ စသည်တို့ပျက်စဲသကဲ့သို့ များစွာသော နွားကျွဲတို့ အသက်ချမ်းသာရာရပေလိမ့်မည်။ ဆင်းရဲသားတို့လည်း လုပ်ခင်းမပျက်၊ မင်းများလည်း၊ အဆီအခွန်တိုးတက်ပေလိမ့်မည်ဟုလည်း ရေးသားထား၏။
ထိုဂေါဏမာတိကာသြဝါဒကထာကျမ်းကို မဟာဝိသုဒ္ဓါရုံဆရာတော်ပြုစုတော်မူသည်ဟု အမှတ်အသားရှိသည်။ အကြောင်းမှာ သက္ကရာဇ်၁၂၇၃ (၁၉၁၂)ခု ရန်ကုန်မြို့ ပုဇွန်တောင်ရပ် ဇေယျာသူရိန်ပုံနှိပ်တိုက်ရိုက် တရားသူကြီးဦးမောင်ကြီး၏ ယောဂကျမ်း(စာမျက်နှာ-၁၃၂) ၌ နွားသားမစားသင့်သည့်အကြောင်းကို မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးရေးသားဆုံးဖြတ်
သော ဂေါဏမာတိကာသြဝါဒကထာမှ အနည်းငယ်ထုတ်နှုတ်၍ ဖော်ပြပါမည်ဟု ညွှန်းဆိုကာ လယ်တီဆရာတော်၏ နွားမေတ္တာစာပါ “ဝယ်သူမှာမူ၊ ရောင်းသူမှာဘူတ” ဟူသောစာပိုဒ်ကို ပြဆိုထားသောကြောင့် ဖြစ်သည်။
လယ်တီဆရာတော်ကြီးသည် နိုင်ငံအတွင်း၌ ပရမတ္ထသံခိပ်အသင်း၊ ပဋိစ္စသမုပ္ပါဒ်အသင်း၊ မဟာစက်ပရိတ်အသင်း၊ ဓာတ်ကမ္မဋ္ဌာန်းအသင်းဟူ၍ အသင်းအဖွဲ့တို့ကို ဖွဲ့စည်းပေးတော်မူခဲ့ပါသည်။ ဆရာတော်ကြီးက ဖွဲ့စည်းမပေးရဘဲ သူ့အလိုအလျောက် ဆန္ဒတူသူများ ပူးပေါင်းကာ ဖွဲ့စည်းဆောင်ရွတ်ခဲ့သော အသင်းမှာ နွားသားရှောင်ကြဉ်ရေးအသင်းဖြစ်သည်။
လယ်တီဆရာတော်ကြီးသည် ရောက်ရာဒေသအရပ်၌ နွားသားမစားရေးတရားကို ဟောတော်မူသကဲ့သို့ ဆရာတော်ကြီးကြွရောက်တော်မူသောအခါ၌ ထိုထိုအရပ်ဒေသရှိ၊ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က လယ်တီဆရာတော်ကြီး၏ ရှေ့တော်မှောက်တွင် နွားသားကို ရာသက်ပန်ရှောင်သူ၊ နှစ်အကန့်အသတ်ဖြင့် ရှောင်သူဟူ၍ နွားသားမစားဘဲ ကတိထားရှောင်သူများ၏ စာရင်းကို ဖတ်ပြလေ့ရှိ၏။
လယ်တီဆရာတော်ကြီး၏ နွားသားရှောင်ကြဉ်ရေးလုပ်ငန်းကို အတိုက်အခံပြုသူများ၊ စောင်းချိတ်ပြောဆိုသူများလည်း ပေါ်ပေါက်ခဲ့ပါသည်။ နွားသတ်ရုံလိုင်စင်စီများနှင့် သားရေ ကုမ္မဏီများက လူပြန်တော် မောင်ကျော်ထွန်းဆိုသူကို အခပေးပြီး လယ်တီဆရာတော်ကြီး၏ နွားသားရှောင်ကြဉ်ရေးတရားပွဲများ ပျက်ပြားအောင် ကြံဆောင်ဖူးသည်ဟု သိမှတ်ရပါသည်။ မြင်းခြံမြို့ ကိုးဆောင်ဆရာတော်ကြီး အရှင်ဝေပုလ္လဘိဓဇ၏ “ကျွဲနွားကိုညှာ၊ ဘဲ ငါးသတ္တဝါနှင့်၊ ကြက်ဝက်ပါ ချိန်မထားတယ် (လယ်တီရေ) စားစေတဲ့လား” ဟူသော ကဗျာမျိုး ပုသိမ်မြို့သို့ ရောက်ရှိတော်မူစဉ်က အချို့သော ဒကာဒကာမတို့၏ ဆရာတော်ဘုရားသည် နွားသတ္တဝါများ၏ အသက်တွေကိုတော့ မကယ်တော့ဘူးလားဘုရားဟု လျှော်ထားသံမျိုးကိုလည်း ခံယူတော်မူရပါ၏။
ထိုသို့ဝေဖန်မှုတို့ကို လယ်တော်ဆရာတော်ဘုရားကြီးက အေး ဟုတ်တယ်ကွယ့်၊ ငါ့မှာတော့ဒကာတို့ သတိတဲ့အတိုင်း ရွာရိုးမြို့ရိုးလျှောက်ပြီး တရားလည်းဟောရ၊ ရောဂါအန္တရာယ်ကိုလည်း ငြိမ်းအေးအောင် ပြုလုပ်ရ၊ အဲသည်အထဲ နွားတစ်မျိုးကိုသာ ဆွဲသွားနိုင်တယ်။ ကျန်တဲ့ ဝက်၊ ဆိတ်၊ ကြက်၊ ငှက်တို့ကိုတော့ ဒကာတို့ရဲ့ ဆရာတော်များက ဆွဲထုတ်တော်မူကြပါဟူ၍ တုံ့ပြန်မိန့်ကြားတော် မူခဲ့ပါသည်။ အချို့ကလည်း
လယ်တီဆရာတော်ကြီးကို အတိုက်အခံပြုသူများတွင် ပုသိမ်မြို့ ကုန်းသာကျောင်းဆရာတော် ဦးပဒုမ ပါဝင်ကြောင်း ရေးသားကြ၏။ ထိုအချက်သည် ရာနှုန်းပြည့် လွဲမှားကြောင်းနှင့် ပုသိမ်ဦးပဒုမ၏တပည့်ရင်းချာ ဒကာ ဒကာမများသည် လယ်တီဆရာတော်ကြီး ပုသိမ်မြို့သို့ကြွတော်မူစဉ်အခါက နွားသားကို ရာသက်ပန် မစားပါဟု ဝန်ခံကတိ ပြုခဲ့ကြကြောင်းတို့ကို ထိုအနွယ်အဆင်ဝင် ဗြဟ္မစာရီဗိုကေ(ပုဂံဦးဗိုကေ) က ပြောကြားဖြေရင်းခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ လယ်တီဆရာတော်ကြီး၏ နွားသားရှောင်ကြဉ်ရေးလုပ်ငန်းသည် အရှိန်အဟုန် ကြီးမားပြီး တစ်ပြည်လုံးအတိုင်းအတာထိရှိခဲ့သည်ဖြစ်၍ မြန်မာ့လူမှုရေးသမိုင်းကို လေ့လာကြသော အနောက်တိုင်းသားပညာရှင်တို့က ထိုလုပ်ငန်းကြောင့် နောင်တစ်ချိန်၌ မြန်မာလူမျိုးများ မျိုးချစ်စိတ်ဓာတ် နိုးကြားလာကြရကြောင်း ဝေဖန်သုံးသပ်ခဲ့ကြ၏။
ထို့ကြောင့် စာဖတ်သူများအနေဖြင့်လည်း မိခင် ဖခင်တို့အသားကို စားသကဲ့သို့ဖြစ်သော အမဲသားစားခြင်းကို ရာသက်ပန်ရှောင်ကြဉ်ကြပါလို့တိုက်တွန်းလိုက်ရတော့၏။ ဦးဇင်းအနေဖြင့်တော့ နွားသား၊ ကျွဲသား၊ ဆိတ်သားများကို မစားသုံးပါ။ ဝက်သားတော့ စားပါသည်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝ ကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
==========================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မင်္ဂလာပါ..