menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ရေခဲသေတ္တာ စနစ်တကျ အသုံးပြုနည်း နှင့် ထိန်းသိမ်းနည်းများ

 

လူနေမှုစနစ်များတိုးတက်လာသည်နှင့်အမျှ လူတို့၏ နေ့စဉ်လူနေမှုဘဝတွင် ရေခဲသေတ္တာနှင့် လေအေးပေးစက် တို့မှာလည်း မရှိမဖြစ် လိုအပ်လာသော ပစ္စည်းများ ဖြစ်လာပါပြီ။ အပြေးအလွှားလှူပ်ရှားနေရသော မြို့ပြ လူနေမှုဘဝတွင် နေ့စဉ်ဈေးသွားရန် အခက်အခဲရှိသူများအနေနှင့် ရေခဲသေတ္တာသည် အလွန် အသုံးဝင်သည်။ ရေခဲသေတ္တာရှိခြင်းဖြင့် အသီးအနှံများကို လတ်လတ်ဆတ်ဆတ် စားရမည်။ အစားအသောက်များ ကျန်လျှင်လည်း ရေခဲသေတ္တာတွင်း ထည့်သိမ်းထားနိုင်သည်။

ရေခဲသေတ္တာနှင့် လေအေးပေးစက်များမှာ တန်ဖိုးကြီးပစ္စည်းများ ဖြစ်သည်။ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခြင်း မလုပ်လျှင် ရှိရမည့်စက်၏သက်တမ်းထက် ပိုတိုခြင်း၊ မကြာခဏပျက်စီးခြင်း၊ မလိုအပ်ပဲမီးအားပိုကုန်ကျခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။ အမှန်ဆိုရလျှင် လုပ်သင့်လုပ်ထိုက်သည့် အရာကလေးများကို အနည်းငယ်မျှ လုပ်ပေးလိုက်လျှင်ပင် အထက်ပါ ဆိုးကျိုးများမှ ရှောင်ရှားနိုင်ပါသည်။ ထို ဂရုစိုက်ရမည့် အချက်များမှာလည်း ခဲယဉ်းလှသည်မဟုတ်။ မိမိအိမ်ရှိ ကိရိယာ တန်ဆာပလာကလေးများကိုသုံး၍ အချိန်အနည်းငယ်အတွင်း လုပ်နိုင်သော အချက်ကလေးများသာ ဖြစ်ပါသည်။ သို့သော် မည်ကဲ့သို့ ပြုလုပ်ရမည်၊ မည်သည့်အချိန်တွင် ပြုလုပ်သင့်သည် စသည့် ဗဟုသုတတော့ ရှိထားရန်လိုပါသည်။ 

            မည်မျှကောင်းသောစက်ဖြစ်စေ ပြုပြင်ထိန်းသိမ်းမှုမရှိလျှင် အနှေးနှင့်အမြန် ပျက်စီးတတ်မြဲ ဖြစ်သည်။ စက်ပျက်ပြီ ဆိုလျှင် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ နည်းနည်းပျက်လျှင် ဖြစ်စေ၊ ကြီးကြီးမားမား ပျက်သည်ဖြစ်စေ။ စက်ပြင်ဆရာ ခေါ်ရခြင်း၊ အိမ်တွင် ပြင်မရလျှင် စက်ကို ပြင်မည့်နေရာသို့ ပို့ရခြင်း၊ မိမိစက် ပြင်ပြီးမပြီး မကြာခဏမေးရခြင်း။ စက်ပြင်မပြီးမီ စပ်ကြား အဆင်မပြေခြင်း။ ပြင်ပြီးပြန်ပါလျှင်လည်း ပြန်လည်ယူရခြင်း၊ ပြန်လည်တပ်ဆင်ရခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ ထို ကိစ္စများအတွက် စိတ်အနှောက်အယှက်ဖြစ်ရခြင်း စသည်တို့ကို မလွဲှသာမရှောင်သာ ကြုံတွေ့ကြရမည်။
 
            ထို့အတွက် ပျက်မှပြင်မည့်အစား။ စက်ကို ပျက်ရမည့်အချိန်မတိုင်မီ မပျက်စေရန် မိမိက ဂရုတစိုက်ကိုင်တွယ်ရန် လိုပါသည်။
 
            ဤစာအုပ်တွင် ရေခဲသေတ္တာ နှင့် လေအေးပေးစက်များကို စနစ်တကျ ကိုင်တွယ်သုံးစွဲနည်း။ ကြာရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းနည်းများကို စုစည်းတင်ပြထားပါသည်။

ရေခဲသေတ္တာ တစ်လုံးတည်ဆောက်ထားပုံ
 
ရေခဲသေတ္တာကို စနစ်တကျကိုင်တွယ် သုံးစွဲတတ်ရန်၊ ထိန်းသိမ်းတတ်ရန်အတွက် ရေခဲသေတ္တာတစ်လုံး၏ အခြေခံ တည်ဆောက်ထားပုံကို သိရှိထားရန်လိုပါသည်။
 
သာမန်လူများနားလည်အောင် ပြောရလျှင် ရေခဲသေတ္တာဟူသည် ရေခဲသေတ္တာအတွင်း ထည့်ထားသော ပစ္စည်းများ ကြာရှည်ခံရန် အပူချိန်တစ်ခုအထိ အေးနေအောင် ထိန်းပေးထားသော လျှပ်စစ်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ထိုကဲ့သို့ အေးနေစေ ရန် ရေခဲသေတ္တာအတွင်းရှိ ပစ္စည်းများထံမှ အပူကို စုပ်ယူသည်။ ထိုအပူကို အပြင်သို့ ပြန်စွန့်ထုတ်သည်။ ဤလုပ်ငန်းစဉ်ကို ထပ်တလဲလဲ အဆက်မပြတ် ၂၄ နာရီ လုပ်နေအောင် စီမံထားခြင်းသာ ဖြစ်ပါသည်။

ဈေးကွက်အတွင်းတွင် တံဆိပ်မျိုးစုံ၊ အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံနှင့် ရေခဲသေတ္တာများကို အများအပြား တွေ့နိုင်ပါသည်။ တံဆိပ်၊ အမျိုးအစား၊ အရွယ်၊ ပုံစံ မည်မျှပင်ကွဲပါစေ။ ရေခဲသေတ္တာမှန်လျှင် အခြေခံအလုပ်လုပ်ပုံ အားလုံးအတူတူပင် ဖြစ်ပါ သည်။
  
ရေခဲသေတ္တာတစ်လုံး အလုပ်လုပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
 
ရေခဲသေတ္တာတွင် အဓိက အစိတ်အပိုင်း ၄ ခုပါသည်။ ၎င်းတို့မှာ -

၁။ ကွန်ပရက်ဆာ (Compressor) 
၂။ ကွန်ဒင်ဆာ (Condenser)
၃။ ဖိအားလျှော့ဗား (Expansion Valve)  
၄။ အီဗာပိုရေတာ (Evaporator) - တို့ဖြစ်ပါသည်။ 

            ကွန်ပရက်ဆာက ဝင်လာသောဓါတ်ငွေ့ကို ဖိအားမြင့်အောင် မြှင့်ပေးသည်။
            ကွန်ဒင်ဆာက ဓါတ်ငွေ့များသယ်လာသောအပူကို ပြင်ပလေထုအတွင်း စွန့်ထုတ်ကာ ဓါတ်ငွေ့အသွင်မှ အရည်အသွင်သို့ ပြောင်းစေသည်။
            ဖိအားလျှော့ဗားက ဓါတ်ငွေ့ရည်၏ ဖိအားကို လျှော့ချလိုက်သည်။
              အီဗာပိုရေတာက ရေခဲသေတ္တာအတွင်းရှိ ပစ္စည်းများမှအပူကို စုပ်ယူခြင်းဖြင့် ဓါတ်ငွေ့အရည်ကို အငွေ့အဖြစ် ပြောင်းစေသည်။ ထိုဓါတ်ငွေ့များကို ကွန်ပရက်ဆာက ဖိအားမြင့်အောင် လုပ်ပေးသည်။               ၎င်းတို့အားလုံးကို ဆက်စပ်လိုက်လျှင် ရေခဲသေတ္တာတစ်လုံး ၂၄ နာရီပတ်လုံး အလုပ်လုပ်နေသည့် စနစ်ကို ရမည်ဖြစ်ပါသည်။
ဦးစွာ ရေခဲသေတ္တာကို ခလုတ်ဖွင့်လိုက်သည်နှင့် ကွန်ပရက်ဆာ စတင်လည်ပါသည်။ ကွန်ပရက်ဆာဟူသည် ဓါတ်ငွေ့များကို ဖိအားမြင့်အောင် လုပ်ပေးသော ကိရိယာဖြစ်သည်။ ၎င်းတွင် မော်တာပါပြီး ထိုမော်တာလည်ပတ်ရန် လျှပ်စစ် ဖြင့် မောင်းနှင်သည်။ ရေခဲသေတ္တာအတွက်လိုသော မီးအားမှာ ထိုကွန်ပရက်ဆာကို မောင်းနှင်ရန် အဓိကဖြစ်၏။ ကွန်ပရက်ဆာမှ ထွက်လာသော ဖိအားမြင့်ဓါတ်ငွေ့သည် ကွန်ဒင်ဆာကို ဖြတ်စီးသွားသည်။ ကွန်ဒင်ဆာဟူသည် ရေခဲသေတ္တာ နောက်တွင် သို့မဟုတ် အောက်တွင်ကပ်လျှက်တပ်ဆင်ထားသော မြွေလိမ်မြွေကောက် ပိုက်ခွေများဖြစ်ပါသည်။ ကွန်ဒင်ဆာက ၎င်းအတွင်းဖြတ်စီးသွားသော ဓါတ်ငွေ့များမှ အပူူကို ပြင်ပလေထုအတွင်းသို့ စွန့်ထုတ်လိုက်သည်။ ထိုအခါ အပူဆုံးရှုံးသွားသော ဓါတ်ငွေ့များမှာ အရည်ဘဝသို့ ပြောင်းသွားသည်။ ယခုခေတ်ပေါ် ရေခဲသေတ္တာများတွင်မူ ကွန်ဒင်ဆာ ပိုက်များကို ကာထားသဖြင့် အပြင်မှမမြင်ရပါ။

ဖိအားမြင့်နေသေးသော ဓါတ်ငွေ့ရည်ကို ဖိအားလျှော့ဗားက ဖိအားလျှော့ချလိုက်သည်။ ထို ဖိအားနိမ့်ဓါတ်ငွေ့ရည် များ အီဗာပိုရေတာအတွင်း ဖြတ်စီးကာ ရေခဲသေတ္တာအတွင်းထည့်ထားသော ပစ္စည်းများမှ အပူကို စုပ်ယူသည်။ အီဗာပိုရေတာကို ရေခဲသေတ္တာကိုယ်ထည်အတွင်း မြှုပ်ကာ တပ်ဆင်ထားသဖြင့် အပြင်မှ မမြင်နိုင်ပါ။ အပေါ်ထပ် ရေခဲခန်း ကြမ်းပြင်တွင် ဖောင်းနေသော အရာများမှာ အီဗာပိုရေတာ ပိုက်လိုင်းများ ဖြစ်ပါသည်။

ထိုအခါ ရေခဲသေတ္တာအတွင်းတွင် အပူချိန်လျော့ကျသွားကာ အေးလာသည်။ အပူကိုစုပ်ယူလိုက်သဖြင့် ဓါတ်ငွေ့ရည်များမှာ အရည်ဘဝမှ အငွေ့ဘဝသို့ ပြောင်းသွားသည်။ ထိုအငွေ့များ ကွန်ပရက်ဆာဆီရောက်လာသောအခါ ကွန်ပရက်ဆာက ဓါတ်ငွေ့ကို ဖိအား မြှင့်ပေးလိုက်ပြန်သည်။ ဤဖြစ်စဉ်အတိုင်း ဆက်ကာဆက်ကာ အစဉ်မပြတ် လည်နေခြင်း ဖြင့် ရေခဲသေတ္တာအတွင်း အပူချိန်ကိုလျှော့ချကာ အမြဲအေးနေစေပေတော့သည်။

ရေခဲသေတ္တာတွင် Freezer (အပူချိန် ရေခဲမှတ်အောက်လျော့သောအခန်း) နှင့် Refrigerator (အပူချိန် ရေခဲမှတ် ထက်မြင့်သောအခန်း) ဟု နှစ်မျိုးပါသည်။ ယခုခေတ်ပေါ် ရေခဲသေတ္တာအားလုံးလိုလိုပင် freezer ကို အပေါ်ထပ်တွင်၊ refrigerator ကို အောက်ထပ်တွင် ထားလေ့ရှိပါသည်။
            ရေခဲသေတ္တာအတွင်း လိုအပ်သောအပူချိန်ရအောင် သာမိုစတက်က ထိန်းပေးထားသည်။ သာမိုစတက်ခလုပ်ကို ရေခဲသေတ္တာအတွင်းပိုင်းတွင် တွေ့နိုင်ပြီး မိမိစိတ်ကြိုက် အပူချိန် အတိုးအလျှော့ လုပ်ပေးနိုင်ပါသည်။ ရေခဲသေတ္တာတစ်လုံး တည်ဆောက်ထားပုံမှာ အောက်ပါအတိုင်းဖြစ်၏။


၎င်းကို အပြင်တွင်တွေ့ရမည့်တွေ့ရမည့် တကယ့်ရေခဲသေတ္တာနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုအစိတ်အပိုင်းများကို အောက်ပါအတိုင်း တွေ့ရမည် ဖြစ်ပါသည်။
 
ရေခဲသေတ္တာကို အေးနေအောင် ပြုလုပ်ပေးသော အဓိက ဓါတ်ငွေ့ကို refrigerant ဟု ခေါ်ပါသည်။ ထိုဓါတ်ငွေ့သည် အပူစုပ်အားကောင်းပြီး ရေခဲသေတ္တာမှ ပိုက်များအတွင်း လည်ပတ်နေရာတွင် အငွေ့ဖြစ်လိုက်၊ အရည်ဖြစ်လိုက် ဖြင့် တစ်လှည့်စီ လည်နေပါသည်။ ထုတ်လုပ်သော ကုမ္ပဏီကိုလိုက်၍ ဓါတ်ငွေ့အမျိုးအစား ကွဲသွားသော်လည်း များသောအားဖြင့် ရေခဲသေတ္တာတွင်သုံးသော ဓါတ်ငွေ့များမှာ အောက်ပါတို့ဖြစ်ပါသည်။
 

 
R12 – DICHLORODIFLUOROMETHANE - ၎င်းထည့်သော ဆလင်ဒါအိုးမှာ အဖြူရောင်ဖြစ်သည်။
R-22 - MONOCHLORODIFLUOROME-THANE - ၎င်းထည့်သော ဆလင်ဒါအိုးမှာ အစိမ်းရောင်ဖြစ်သည်။ 
R-502 REFRIGERANT - ၎င်းထည့်သော ဆလင်ဒါအိုးမှာ သစ်ခွရောင်ဖြစ်သည်။ 
R-134a - TETRAFLUOROETHANE - ၎င်းထည့်သော ဆလင်ဒါအိုးမှာ မိုးပြာရောင်ဖြစ်သည်။
ထို့ပြင် အောက်ပါ ဓါတ်ငွေ့များကိုလည်း သုံးပါသေးသည်။  

R-717 Ammonia (NH3)- ၎င်းထည့်သော ဆလင်ဒါအိုးမှာ ငွေရောင်ဖြစ်သည်။
R-125 Pentafluoroethane    
ဤဓါတ်ငွေ့များကို ရေခဲသေတ္တာတွင် သုံးသည်ဆိုသော်ငြားလည်း တကယ်တန်းဖြည့်ရမည်မှာ ထိုရေခဲသေတ္တာ အတွက် သတ်မှတ်ထားသော ဓါတ်ငွေ့သာ ဖြစ်ပါသည်။ မမှန်ကန်သောဓါတ်ငွေ့များဖြည့်မိပါက ရေခဲသေတ္တာ၏ စွမ်းရည် ကျဆင်းခြင်း၊ စက်မှုဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့ရခြင်း၊ အန္တရာယ်နှင့်ရင်ဆိုင်ရခြင်း စသည်တို့ဖြစ်တတ်ပါသည်။

ရေခဲသေတ္တာ၏ သမိုင်းကြောင်း အကျဉ်း

သမိုင်းမတင်မီခေတ်ကတည်းကပင် လူတို့သည် အပူချိန်နိမ့်၌ အသားငါးစသည့် စားစရာသောက်စရာများကို ကြာရှည် သိုလှောင်ထားနိုင်ကြောင်း သိရှိခဲ့ကြသည်။ ထိုစဉ်ကမူ အသားငါးများကို ရေခဲ၊ ဆီးနှင်း စသည်တို့အတွင်း ဖုံးထားခြင်းဖြင့် လည်းကောင်း၊ မြစ်ချောင်းအင်းအိုင် ရေစပ်များအနီးထားခြင်းဖြင့်လည်းကောင်း၊ ရေလုံအောင်ထုပ်ကာ ရေအိုင်အတွင်း နှစ်ထားခြင်းဖြင့်လည်းကောင်း ကြာရှည်ခံအောင် လုပ်ကြသည်။
 
ရေခဲသေတ္တာကို စတင်ဖော်ထုတ်နိုင်သည်မှာ ၁၈ ရာစုနှစ်လယ်ကျမှ ဖြစ်သည်။ ၁၇၄၈ ခုနှစ်တွင် William Cullen ဆိုသူက University of Glasgow တွင်ရေခဲသေတ္တာ၏ သဘောကို စတင်သရုပ်ပြနိုင်ခဲ့သည်။ သို့သော် ၎င်း၏တွေ့ရှိချက်ကို လက်တွေ့တွင် မည်ကဲ့သို့အသုံးချရမည်ကို မသိသေးချေ။
 
၁၇၉၉ ခုနှစ်တွင် နယူးယောက်စီးတီးမှ တောင်ကယ်ရိုလိုင်းနားပြည်နယ်သို့ ရေခဲများကို သင်္ဘောဖြင့် စီးပွားဖြစ် အကြီးအကျယ်တင်ပို့ကြသည်။ သို့သော် လက်တွေ့တွင် တောင်ကယ်ရိုလိုင်းနားသို့ သင်္ဘောဆိုက်သောအခါ တင်ပို့လာသော ရေခဲများမှာ အရည်ပျော်ကုန်ပြီး ကျန်ကောင်းကျန်ရာသာ ကျန်တော့သည်။ ထို့ကြောင့် နယူးအင်္ဂလန်သား ဖရက်ဒရစ်ကျူဒိုးက ရေခဲများကို အရည်မပျော်အောင် အပူကာများတပ်ဆင်သည့်နည်းကို သုံးခဲ့သည်။ သူ့နည်းကြောင့် ရေခဲပျော်ခြင်းကို ၆၆ ရာခိုင်နှုံးမှ ၈ ရာခိုင်နှုံးထိ လျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် သူ့ကို ရေခဲဘုရင်ဟု ဂုဏ်ထူးပေးခဲ့သည်။
 
၁၈၀၅ ခုနှစ်တွင် အမေရိကန်တီထွင်သူ Oliver Evans က အရည်အစား အငွေ့ကိုသုံးသော ရေခဲသေတ္တာစနစ်ကို စတင်တွေ့ရှိခဲ့သည်။ သူ့နည်းနှင့်ခပ်ဆင်ဆင်နည်းကိုသုံးကာ John Gorrie က စက်တပ်ဆင် စမ်းသပ်ခဲ့သည်။
 
၁၈၄၂ ခုနှစ်တွင် John Gorrie ကပင်အသားဝါလူနာများ ကုသရန် လေအေးပေးသော အခန်းကို တီထွင်ခဲ့သည်။ သူ့နည်းမှာ ယနေ့ခေတ် ရေခဲသေတ္တာများတွင် သုံးနေသည့် ဓါတ်ငွေ့လှည့်ပတ်စနစ်နှင့် အလားသဏ္ဍာန်တူသည်။ သို့သော် တကယ် စီးပွားဖြစ် ရေခဲသေတ္တာစက်ကိုမူ ၁၉၁၅ ခုနှစ်ကျမှ အမေရိကန်တွင် စတင်သုံးလာခဲ့နိုင်သည်။ ၁၉၃၀ ပြည့်လွန် နှစ်များတွင်မူ ကျယ်ကျယ်ပြန့်ပြန့်လက်ခံသုံးစွဲလာခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် ဖရီဇာကတစ်ဖက် ရေခဲသေတ္တာကတစ်ဖက် ဘေးဘယ်ညာသီးသန့်ခွဲထားသည့် တံခါးနှစ်ချပ်ပါ ရေခဲသေတ္တာကို တီထွင်သုံးစွဲခဲ့သေးသော်လည်း ယနေ့ခေတ်ထိတိုင် လူကြိုက်မများလှပါ။
 
၁၉၅၀ ပြည့်လွန်နှစ်များတွင် အပေါ်၌ ရေခဲသေတ္တာ၊ အောက်ဖက်တွင် ဖရီဇာ ကိုတီထွင်သုံးစွဲခဲ့သည်မှာ သည်ကနေ့ထိ ဖြစ်ပါသည်။ ပေါ်ခါစက ရေခဲသေတ္တာကို အဖြူရောင်သာသုံးသော်လည်း ယခုအခါ အပြာနု၊ အစိမ်းနု စသဖြင့် ရောင်စုံထုတ် လုပ်နေပြီ ဖြစ်ပါသည်။
 
ရေခဲသေတ္တာနှင့် လေအေးစက်သုံးဓါတ်ငွေ့များကိုလည်း အမျိုးမျိုးတီထွင် ပြောင်းလဲသုံးစွဲခဲ့သည်။ ၁၉၂၀ ခုနှစ် မတိုင်မီက ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ မီသိုင်းဖော်မိတ် စသည်တို့ကို သုံးသည်။ သို့သော် ဤဓါတ်ငွေ့များမှာ မျက်လုံးအတွက် အလွန် အန္တရာယ်များသည်။ ထို့ပြင်မီးလောင်လွယ်သည်။ ထို့အတွက် ဓါတ်ငွေ့ဖြည့်ရန် အခက်အခဲရှိသည်။ လိုင်စင်ရ ကျွမ်းကျင်သူမှ ဖြည့်လို့ရသည်။
 
၁၉၂၀ ခုနှစ်များတွင် ပို၍လုံခြုံစိတ်ချရသော၊ အန္တရာယ်ကင်းသော၊ မီးမလောင်နိုင်သော ဖရီယွန်ဓါတ်ငွေ့ကို တွေ့ရှိခဲ့ပြီး ၁၉၃၀ ပြည့်လွန်နှစ်များ၌ ရေခဲသေတ္တာများတွင် ပိုမိုတွင်ကျယ်စွာ သုံးစွဲလာနိုင်ခဲ့သည်။

အိမ်သုံးရေခဲသေတ္တာအရွယ်အစားများမှာ အမျိုးမျိုးကွဲသွားသော်လည်း များသောအားဖြင့် အလေးချိန်များမှာ ပေါင် ၂၀၀ (၉၁ကီလို)၊ ပေါင် ၄၅၀ (ကီလို ၂၀၀) နှင့် အချို့မှာ ၈၇၅ ပေါင် (၃၉၇ ကီလို) ထိရှိပါသည်။ ရေခဲသေတ္တာအရွယ်ကို လီတာ နှင့် ခွဲလျှင် အသေး (လီတာ ၅၀ မှ ၁၀၀ ထိ)၊ အလတ် (၂၀၀ လီတာမှ ၄၅၀ လီတာထိ)၊ အကြီး (၄၅၀ လီတာမှ လီတာ ၈၀၀ ထိ) ဟူ၍ ဖြစ်ပါသည်။
 
            ရေခဲသေတ္တာအသေးများမှာ တံခါးတစ်ခု (one door), အလတ်များမှာ တံခါးနှစ်ခု (two door) နှင့် အကြီးများမှာ တံခါးသုံးခု သို့မဟုတ် တံခါးနှစ်ခြမ်း (3 door or side by side)  ရှိပါသည်။ အေးသောရေ နှင့် ရေခဲကို အပြင်မှထုတ်ယူ နိုင်သော ရေခဲသေတ္တာများလည်း ရှိပါသည်။ များသောအားဖြင့် ထိုရေခဲသေတ္တာများမှာ တံခါးနှစ်ခြမ်းဖြစ်ပြီး တစ်ဖက်ခြမ်းမှာ refrigerator (ရေခဲသေတ္တာ) နှင့် အခြားတစ်ခြမ်းမှာ ရေခဲခန်း (freezer) ဖြစ်ပါသည်။ ရေခဲသေတ္တာအတွင်း၌ အသီးအရွက်၊ အရည် စသည်တို့ထည့်သည်။ ရေခဲခန်းတွင် အသား၊ ငါးများထည့်သည်။

မည်ကဲ့သို့သောရေခဲသေတ္တာကို ဝယ်ရမည်နည်း
 

ရေခဲသေတ္တာအရွယ်မည်မျှကြီးကြီး ဝယ်ရမည်နည်းဟူသည်မှာ မိမိအိမ်ရှိ အိမ်သားဦးရေ စုစုပေါင်းပေါ် မူတည်ပါ သည်။ လူဦးရေနည်းလျှင် တံခါးတစ်ပေါက် ရေခဲသေတ္တာကို ဝယ်သင့်ပါသည်။ မလိုအပ်ဘဲ ရေခဲသေတ္တာအကြီးကြီး ဝယ်ထားလျှင် နေရာပိုယူသည်။ ပြုပြင်ထိန်းသိမ်းစရိတ် ပိုကြီးသည်။ မီးအားပိုကုန်သည်။ သို့သော် အိမ်သားကများပြီး ရေခဲသေတ္တာက သေးနေပြန်လျှင်လည်း ချက်စရာပြုတ်စရာများထည့်ရန် အဆင်မပြေနိုင်ပါ။ လူလည်းများသည်၊ နေ့တိုင်း ဈေးသွားဘို့လည်း အခက်အခဲရှိမည်ဆိုလျှင်တော့ ရေခဲသေတ္တာကြီးကြီး လိုပါမည်။ သို့သော် မိမိတတ်နိုင်သည့် ငွေပမာဏနှင့် ချင့်ချိန်ဝယ်ရမည်သာ ဖြစ်ပါသည်။
 
            ရေခဲသေတ္တာထုတ်လုပ်သူများကတော့ အောက်ပါအတိုင်း ရေခဲသေတ္တာအရွယ်အစားကို သတ်မှတ်ပေးပါသည်။


အိမ်သားဦးရေ
ရေခဲသေတ္တာအရွယ်အစား
တစ်ရက် ပါဝါစားနှုံး (ယူနစ်)
၁ ယောက်၊ ၂ ယောက်
၂၀၀ မှ ၃၈၀ လီတာ
၅၀” x ၃၅” x ၂၈”
ဝ.၂၃
၃ ယောက်၊ ၄ ယောက်
၃၅၀ မှ ၅၃၀ လီတာ
၆၃” x ၃၅” x ၂၈”
ဝ.၄
၅ယောက်အထက်
၄၄၀ လီတာ အထက်
၆၆” x ၃၅” x ၂၈”
ဝ.၅
  
            ဤတွင်ဖော်ပြထားသော လီတာ ၂၀၀၊ လီတာ ၄၄၀ စသည်တို့မှာ ရေခဲသေတ္တာအတွင်း သိုလှောင်နိုင်သော အကျယ်အဝန်းကို ဆိုလိုပါသည်။ မည်ကဲ့သို့ခန့်မှန်းရမည် မသိလျှင် အောက်ဖော်ပြပါပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ အောက်တွင် တံခါးနှစ်ပေါက်ပါ ၁၉၇ လီတာ ရေခဲသေတ္တာ၏ ဓါတ်ပုံကို ဖော်ပြထားပါသည်။

သို့သော်လည်း ကျွန်တော့်အနေနှင့်မူ ထိုအရွယ်များမှာ အလွန်ကြီးပါသည်။ မိသားစု ၄ ဦးပါ မိသားစုအတွက် လီတာ ၂၀၀ ရေခဲသေတ္တာလောက်ဆိုလျှင်ပင် လုံလောက်ပါသည်။ အရွယ်မှာ ၂၂” x ၂၂” x ၅၆” လောက်ဖြစ်၏။ ယခုခေတ်ပေါ် ရေခဲ သေတ္တာများမှာ ပါဝါစားနှုံးနည်းပါသည်။ တစ်နှစ်မှ ၄၅၀ ယူနစ်မျှ ဖြစ်ပါ၏။ အထက်ပါဇယားကို ကြည့်လျှင် ရေခဲသေတ္တာ အကြီးများသော်မှ တစ်နေ့လျှင် ယူနစ်ဝက်လောက်သာ စားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ မီးအစားနည်းသော အမျိုးအစား ကို ရွေးဝယ်ပါ။၎င်းကို A++ rating ဟု ခေါ်၏။

မည်သည့်အမျိုးအစားကို ဝယ်ရမည်နည်းဟုဆိုသော် နာမည်ရသော တံဆိပ်များကိုသာဝယ်ပါ။ ဈေးပေါသော ရေခဲသေတ္တာများမှာ မကြာခဏပျက်၍ ပြင်နေရလျှင် ကောင်းသောရေခဲသေတ္တာတန်ဖိုးထက်ပင် ပိုများသွားတတ်ပါသည်။ မကြာခဏပျက်သဖြင့်လည်း စိတ်ညစ်ရမည်။ မလိုလားအပ်သော အပိုအလုပ်များနှင့် ရှုပ်နေမည်။ အောက်ပါရေခဲသေတ္တာမှာ Samsung တံဆိပ်ဖြစ်ပါသည်။

ယခင်က ရေခဲသေတ္တာများတွင် ပြဿနာတစ်ခုမှာ အပေါ်ထပ် ရေခဲခန်း (freezer) ၌ ရေများခဲကာ ကပ်နေခြင်း ဖြစ်ပါသည်။ လက်နှင့်ခွာထုတ်၊ ရေခဲသေတ္တာကိုပိတ်ကာ ရေနှင့်လောင်း စသဖြင့် ခွာထုတ်နိုင်သော်လည်း အလွန် ဒုက္ခများ ပါသည်။ သို့သော် ယနေ့ခေတ်ပေါ် ရေခဲသေတ္တာများတွင်တော့ ဤဒုက္ခကင်းပါသည်။ ကွန်ပြူတာအထိန်းစနစ်ဖြစ်သဖြင့် ရေခဲ မကပ်အောင် auto-defrose system က ထိန်းပေးပါသည်။ ထိုရေခဲသေတ္တာများကို frost free refrigerator ဟုခေါ်၏။

၁၉၇ လီတာ၊ တံခါးနှစ်ပေါက်၊ အရွယ် ၂၂” x ၂၂” x၅၆”


အန ္တရာယ်ကင်းရေးသည် ပထမ (Safety First)

            မည်သည့်အရာကိုလုပ်သည်ဖြစ်စေ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ အများပြည်သူအတွက်၊ ပတ်ဝန်းကျင်အတွက် အန ္တရာယ်ကင်းရေးကို ဦးစားပေး စဉ်းစားရပါမည်။ အန ္တရာယ်ကင်းရန်အတွက် ရေခဲသေတ္တာ တပ်ဆင်အသုံးပြုလျှင် အောက်ပါအချက်များကို လိုက်နာပါ။

၁။ မီးခလုတ်ကို မပိတ်ဘဲ ပလပ်ကိုဆွဲမချွတ်ပါနှင့်။
၂။ ပလပ်ကို ချွတ်သောအခါ ဝိုင်ယာကြိုးကို ကိုင်ကာ ဆွဲမချွတ်ရ။ ပလပ်ခေါင်းကို မြဲမြဲကိုင်ကာ ဆွဲချွတ်ရပါမည်။ ဝိုင်ယာကြိုးမှ ဆွဲဖြုတ်ခြင်းသည် အတွင်းရှိ ဝိုင်ယာအဆက်များကို ပြုတ်ထွက်စေသည်။ သို့မဟုတ် ဝိုင်ယာကြိုးအတွင်းဒါဏ်ပေါ်ခြင်း၊ ကြိုးများ ပြတ်ထွက်ခြင်းတို့ဖြစ်စေနိုင်သည်။ အတွင်း၌ ဝိုင်ယာကြိုးပြတ်ခြင်းကြောင့် ရှော့ဖြစ်တတ်၊ မီးလောင်တတ်သည်။

၃။ ဝိုင်ယာကြိုးနှင့် ပလပ်ခေါင်းတို့ကို ရေခဲသေတ္တာဖြင့် ဖိမိပြီး ကြိုးပြတ်၊ ပျက်စီးခြင်းမဖြစ်စေရန် သတိပြုပါ။
၄။ ဝိုင်ယာကြိုးကို ခွေလို့ရသော်လည်း ခေါက်ချိုးမချိုးပါနှင့်။ လေးလံသော အရာများဖြင့် မဖိမိပါစေနှင့်။
၅။ အကယ်၍ ဝိုင်ယာကြိုး ပြတ်သွားခဲ့ပါက ပြန်ဆက်လိုလျှင် ဆက်တတ်သောသူကို သေသေချာချာ ဆက်ခိုင်းပါ။ ဖြစ်ကတတ်ဆန်းဆက်လျှင် ရှော့ဖြစ်တတ်သည်။ မီးလောင်တတ်သည်။ မီးအားပိုစားသည်။
၆။ ရေစိုနေသောလက်များဖြင့် ပလပ်တပ်ခြင်း၊ ဖြုတ်ခြင်းမလုပ်ပါနှင့်။ ဓါတ်လိုက်တတ်သည်။
၇။ ရေခဲသေတ္တာကို ပြင်သည့်အခါ သို့မဟုတ် သန့်ရှင်းရေးလုပ်သောအခါများတွင် ပလပ်ကို ချွတ်ထားပါ။
၈။ ချောင်နေသော မီးခေါင်းများ၊ ပလပ်များကို ဆက်မသုံးပါနှင့်။ ပြင်ပြီးမှ ဆက်သုံးပါ။ ထို့အတူ ကျိုးနေသော၊ နန်းကြိုးများ ပေါ်နေသော၊ ဆွေးနေသော၊ ပေါက်ပြဲနေသော မီးကြိုးများကို မသုံးပါနှင့်။ အသစ်လဲပါ။
၉။ ပလပ်ပေါက်နှင့် ရေခဲသေတ္တာကို ခပ်နီးနီးထားပါ။ သို့မှ မီးကြိုးသွယ်ရန် အဆင်ပြေမည်။ မီးခလုတ်ကို အလွယ်တကူ ဖွင့်၊ ပိတ်လို့ရသည့်နေရာတွင်ထားပါ။



၁၀။ နားမလည်ဘဲ ရေခဲသေတ္တာကိုပြင်ရန် မကြိုးစားပါနှင့်။ ဆိုင်သို့ပို့ပြီး ပြင်ပါ။
၁၁။ ကလေးငယ်ရှိသူများ အထူးသတိပြုပါ။ ကလေးများသည် ရေခဲသေတ္တာအတွင်း အမှတ်တမဲ့ဝင်သွားကာ ပိတ်မိနေတတ်သည်။  
၁၂။ ကလေးများအား ရေခဲသေတ္တာတံခါးကို ခိုစီးပြီးဆော့ကစားခြင်းအား ခွင့်မပြုပါနှင့်။ 

၁၃။ ရေစိုနေသော လက်များဖြင့် အပေါ်ထပ် ရေခဲခန်းအတွင်းပိုင်းနံရံများ၊ ခဲထားသော ပစ္စည်းများကို မကိုင်ပါနှင့်။ အအေး လောင်တတ်သည်။
၁၄။ ရေခဲသေတ္တာကို ကြာရှည်စွာ အသုံးမပြုပါက ခလုတ်ပိတ်ပြီး ပလပ်များ ချွတ်ထားပါ။ 
၁၅။ ဓါတ်လိုက်ခြင်းမဖြစ်စေရန် ရေခဲသေတ္တာကို မြေစိုက်ကြိုးနှင့် ဆက်ထားပါ။ သို့သော် မြေစိုက်ကြိုးကို ဓါတ်ငွေ့ပိုက်၊ ရေပိုက်၊ တယ်လီဖုံးကြိုး စသည်တို့နှင့်မဆက်ပါနှင့်။ အန္တရာယ်ရှိသည်။

၁၆။ အကယ်၍ ရေခဲသေတ္တာမှ ညှော်နံ့ရလျှင်၊ ရေခဲသေတ္တာသည် အလွန်တုန်ခါလာလျှင်၊ ရေခဲသေတ္တာမှ ထူးဆန်းသော အသံများကြားလာရလျှင် ရေခဲသေတ္တာကို ပိတ်ပြီး ပြင်ဆိုင်သို့အမြန်ပို့ပါ။
၁၇။ ရေခဲသေတ္တာထဲတွင် ရေခဲများကပ်နေသဖြင့် ပန်ကာဖြင့်မှုတ်ပြီး အရည်ပျော်အောင်မလုပ်ရ။
၁၈။ ရေခဲသေတ္တာကို ဆံပင်အခြောက်ခံသော hair dryer ဖြင့်မှုတ်ပြီး သန့်ရှင်းရေးမလုပ်ရ။
၁၉။ ရေခဲသေတ္တာအတွင်း၌ အစားအသောက်များကို ပွစာတက်နေအောင် ထည့်မထားပါနှင့်။ စနစ်တကျထည့်ပါ။ စနစ်တကျ မထည့်လျှင် ကျပ်သိပ်နေပြီး လေကောင်းကောင်းမလှည့်နိုင်သဖြင့် ကောင်းကောင်း အေးမည်မဟုတ်ပါ။
၂၀။ ရေခဲသေတ္တာအပေါ်တွင် ပစ္စည်းများ ထပ်တင်ထားပါက ရေခဲသေတ္တာအဖွင့်အပိတ်လုပ်ချိန်များ၌ ခေါင်းပေါ်ပြုတ်ကျတတ် သည်။
၂၁။ ရေခဲသေတ္တာသုံးမည့် မီးခေါင်းတွင် ပလပ် ၂ ခု၊ ၃ ခု စုပြုံမထိုးပါနှင့်။ ရေခဲသေတ္တာအတွက် ပလပ်တစ်ခုသာ သုံးပါ။

၂၂။ ရေခဲသေတ္တာမီးခလုတ်ကို ပိတ်ပြီးလျှင် ချက်ခြင်းပြန်မဖွင့်ပါနှင့်။ အနည်းဆုံး ၇ မိနစ်ကြာမှ ပြန်ဖွင့်ပါ။ ပိတ်ပြီး ချက်ခြင်း ပြန်ဖွင့်လျှင် ကွန်ပရက်ဆာကို ဒုက္ခပေးတတ်သည်။
၂၃။ ရေခဲသေတ္တာအောက်၊ သို့မဟုတ် ချောင်များအတွင်း လက်မနှိုက်ပါနှင့်။ ချွန်ထက်သောအရာတို့နှင့် ထိုးမိတတ်သည်။ ရှတတ်သည်။ သို့မဟုတ် ဝိုင်ယာစကိုကိုင်မိကာ ဓါတ်လိုက်တတ်သည်။
၂၄။ ရေခဲသေတ္တာတွင် ဆင်ထားသော ဝိုင်ယာကြိုးများကို မည်သည့်အကြောင်းနှင့်မျှ မပျက်စီးပါစေနှင့်။
၂၅။ ရေခဲသေတ္တာအတွင်းမှ မီးလုံးကျွမ်း၍ အသစ်လဲလိုလျှင် ရေခဲသေတ္တာမီးခလုတ်ကို ပိတ်ပြီးလဲပါ။
၂၆။ ရေခဲသေတ္တာအဟောင်းများကို သည်အတိုင်းပစ်မထားပါနှင့်။ ဓါတ်ငွေ့များ ယိုစိမ့်ထွက်တတ်သည်။ ကလေးသူငယ်များ အထဲဝင်ကာ ပိတ်မိနေတတ်သည်။ ထို့ကြောင့် ရေခဲသေတ္တာတံခါးများကို ဖြုတ်ပစ်လိုက်တာ ကောင်းပါသည်။
၂၇။ ရေခဲသေတ္တာအဟောင်းများကို ပစ်သည့်အခါ ဓါတ်ငွေ့ပိုက်များကို မပျက်စီးပါစေနှင့်။ ဓါတ်ငွေ့များ ထွက်လာတတ်သည်။ ထိုဓါတ်ငွေ့များ မျက်လုံးအတွင်း ဝင်လျှင်မကောင်း။ ထို့ပြင် ထိုဓါတ်ငွေ့များသည် မီးလောင်တတ်သည်။
မည်သည့်နေရာတွင် ရေခဲသေတ္တာကို ထားမည်နည်း
၁။ ရေခဲသေတ္တာကို ခြောက်သွေ့ပြီး အေးသောနေရာမှာထားပါ။ ပူသောအရာ (ဥပမာ - မီးဖို) များနှင့် မနီးပါစေနှင့်။ စွတ်စိုသော၊ ဖုံထူသော၊ ညစ်ပတ်သောနေရာများတွင် ရေခဲသေတ္တာကိုထားခြင်းသည် ရေခဲသေတ္တာသက်တမ်းကို လျော့ကျစေသည်။
၂။ ရေခဲသေတ္တာပေါ်သို့ နေရောင်ခြည်တိုက်ရိုက် မကျပါစေနှင့်။ မိုးပက်သောနေရာတွင်လည်း မထားပါနှင့်။



  ၃။ ရေခဲသေတ္တာကို မျက်နှာပြင်ညီညာသော ကြမ်းပြင်တွင် ထားပါ။ ရေခဲသေတ္တာစောင်းနေလျှင် ကောင်းမွန်စွာ အလုပ်လုပ် မည်မဟုတ်ပါ။ မီးအားကို ပိုကုန်စေပါသည်။  
၄။ ရေခဲသေတ္တာထားသည့်နေရာကို လေအဝင်အထွက်ကောင်းပါစေ။ ပစ္စည်းများနှင့် ရှုပ်ရှက်ခတ်၊ ပိတ်မနေပါစေနှင့်။ ရေခဲသေတ္တာ နှင့် နံရံအကြားတွင် မည်သည့်ပစ္စည်းမှ မထားပါနှင့်။
  ၅။ ရေခဲသေတ္တာကို နံရံများမှ အနည်းဆုံး ၂ လက်မခွာထားရပါမည်။ ရေခဲသေတ္တာ၏ အပေါ်ဘက်တွင်မူ အနည်းဆုံး ၁ ပေ ခွာထားရပါမည်။  


၆။ ကြမ်းပြင်မညီသဖြင့် ရေခဲသေတ္တာလှုပ်နေပါက သစ်သားပြား၊ ပလတ်စတစ်ပြား ပါးပါးတို့ခုကာ ညီအောင်၊ မလှုပ်အောင် လုပ်ပေးပါ။ 
၇။ ရေခဲသေတ္တာကို မြေကြီးပေါ်ချမထားပါနှင့်။ သုံးထပ်သား၊ ပျဉ်ပြား စသည်တို့ခံပြီးထားပါ။ သို့မဟုတ်ပါက သံကိုယ်ထည်များ သံချေးတက်ပြီး အပျက်မြန်သည်။


  ရေခဲသေတ္တာကို ယခုမှ စတင်အသစ်ဝယ်လာသည် ဆိုလျှင် - 


 ၁။ ရေခဲသေတ္တာနှင့်အတူပါလာသော ပိုင်ရှင်လက်စွဲ (Owner’s Manual) ကို သေသေချာချာဖတ်ပါ။ 
၂။ ရေနွေးတွင် ဆပ်ပြာမှုံ့အနည်းငယ်ဖျော်ပါ။ ထို့နောက် ထိုရေဖြင့် သန့်ရှင်းသော၊ နူးညံ့သော အဝတ်စကိုဆွတ်ပြီး ရေခဲသေတ္တာအတွင်း အပြင်တို့ကို သေချာစွာ ပွတ်တိုက်သန့်ရှင်းပါ။
  ၃။ ရေခဲသေတ္တာကို နေရာတကျချပြီးလျှင် ချက်ခြင်း ပလပ်ထိုး။ မီးဖွင့် မလုပ်ပါနှင့်ဦး။ ရေခဲသေတ္တာမှ ကွန်ပရက်ဆာ၊ ပိုက်များအတွင်းရှိ ဓါတ်ငွေ့ရည် စသည်တို့ အထိုင်ကျသွားအောင် အနည်းဆုံး တစ်နာရီခန့်စောင့်ပါ။ တစ်နာရီကျော်မှ မီးစဖွင့် ပါ။ 
၄။ မီးဖွင့်ပြီးလျှင် အစားအသောက်များကို ချက်ခြင်းမထည့်ပါနှင့်ဦး။ ရေခဲသေတ္တာကို မီးဖွင့်ပြီး အနည်းဆုံး ၃ နာရီကြာကျော် ကြာသောအခါမှ အစားအသောက်များကို စတင်ထည့်ပါ။   

ရေခဲသေတ္တာတစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ 
ဤတွင်ဖော်ပြထားချက်များမှာ စံ ရေခဲသေတ္တာတစ်လုံးတွင် ပါဝင်သော ယေဘူယျ အချက်များဖြစ်ပါသည်။ ထုတ်လုပ်သော ကုမ္ပဏီ၊ တံဆိပ်၊ အမျိုးအစားတို့ကိုမူတည်ပြီး အနည်းငယ် ကွဲလွဲနိုင်ပါသည်။ သို့သော်လည်း သဘောတရားမှာမူ အားလုံး အတူတူပင် ဖြစ်ပါ၏။ 
ရေခဲသေတ္တာတွင် အပေါ်ထပ် နှင့် အောက်ထပ်၌ အပူချိန်ထိန်း ခလုတ်တစ်ခုစီ ပါပါသည်။ ထို ခလုတ်များကို လက်ယာရစ် colder ဘက်သို့လှည့်လျှင် ပိုအေးပါမည်။ အအေးနည်းနည်းပဲလိုပါက လက်ဝဲရစ် (colder) နှင့် ဆန့်ကျင်ဘက် သို့လှည့်ပါ။ သာမန်အားဖြင့်တော့ နံပါတ် 3 လောက်ဆိုလျှင် ရပါပြီ။ သိပ်အေးလွန်းလျှင် ဟင်းသီးဟင်းရွက်များ ရေခဲရိုက်ကာ ရိကုန် တတ်သည်။ မအေးပြန်လျှင်လည်း နွမ်းလွယ်သည်။ ထို့ကြောင့် နံပါတ် ၃ တွင်ထားပါ။ 
အပူချိန်များ
 
အပေါ်ထပ် ရေခဲခန်းအတွင်း (Freezer Compartment) – 

နံပါတ် 1 - အပူချိန် (-၁၅) ဒီဂရီစင်တီဂရိတ်ခန့်
နံပါတ် 3 - အပူချိန် (-၁၈) ဒီဂရီစင်တီဂရိတ်ခန့် 
နံပါတ် 5 - အပူချိန် (-၂၀) ဒီဂရီစင်တီဂရိတ်ခန့် 

အောက်ထပ် ရေခဲသေတ္တာအတွင်း (Refrigerator Compartment) –
နံပါတ် 1 - အပူချိန် (၃) ဒီဂရီစင်တီဂရိတ်ခန့်
နံပါတ် 3 - အပူချိန် (၁) ဒီဂရီစင်တီဂရိတ်ခန့် 
နံပါတ် 5 - အပူချိန် (-၃) ဒီဂရီစင်တီဂရိတ်ခန့်

  Chiller Compartment 
ရေခဲသေတ္တာအောက်ထပ် အပေါ်ဆုံးတွင် လှန်ဖွင့်၍ရသော အထပ်ငယ်ကလေးတစ်ခုပါပါသည်။ ၎င်းကို Chiller Compartment ဟု ခေါ်၏။ လောလောလတ်လတ် ချက်ပြုတ်တော့မည့် အသီးအရွက်၊ အသားငါး စသည်တို့ကို ထိုအခန်းထဲ တွင် သိမ်းထားနိုင်သည်။  


Vegetable Bin
ရေခဲသေတ္တာအောက်ဆုံးတွင် ဆွဲထုတ်ရသော ဇလားကလေးတစ်ခု ပါပါသည်။ ၎င်းကို Vegetable Bin ဟု ခေါ်၏။ ထိုအခန်းထဲတွင် ဟင်းသီးဟင်းရွက်များ ထည့်ရသည်။ ထိုအခန်းသည် အပေါ်ဘက်အခန်းနှင့် သီးသန့်ဖြစ်၏။ ထို့ကြောင့် ဟင်းသီးဟင်းရွက်များ၏ ရေငွေ့ဓါတ်ကို ထိန်းထားနိုင်သဖြင့် စိမ်းစိုလတ်ဆတ်နေစေသည်။ 

ရေခဲလုပ်ခြင်း (Making Ice)
 
အပေါ်ထပ် ရေခဲခန်းဘယ်ဘက်တွင် ရေခဲလုပ်နိုင်သော အခန်းငယ်ကလေး ပါပါသည်။ ထိုအခန်းထဲတွင် ရေခဲလုပ်နိုင်သည့် ခွက်ပါ၏။ ခွက်ကို မည်ကဲ့သို့ထည့်ထားသည်ကို ဦးစွာလေ့လာပါ။  
ရေခဲလုပ်လိုလျှင် ထိုခွက်ကို သေသေချာချာဆေးပါ။ ပြထားသော ရေမှတ်အထိ သောက်ရေထည့်ပြီး ပြန်ထည့်ထားပါ။ ရေထည့်ရာတွင် ထိုအမှတ်ထက် မပိုပါစေနှင့်။ ရေသိပ်များလျှင် ရေခဲထုတ်သောအခါ လွယ်လွယ်ကူကူ ထုတ်မရ ဖြစ်တတ်သည်။ ရေခဲသွားလျှင် ထိုခွက်ကို မှောက်ချကာ ခေါက်ချလိုက်လျှင် ရေခဲများရပါပြီ။

မလိုအပ်လျှင် ထိုရေခဲလုပ်သည့် စင်ကို ဖြုတ်ထားခြင်းဖြင့် နေရာပိုကျယ်ကျယ်ရနိုင်ပါသည်။ 
 http://shwenyein.blogspot.com/2011/12/blog-post_11.html  မှ ကူးယူဖော်ပြသည်

No comments:

Post a Comment

မင်္ဂလာပါ..