menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ရေစက်ချခြင်းဟူသည်...


ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည် အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၁၆)
ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က

၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)
အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။ တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင် အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)
ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌ ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)
ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကို ရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)
တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။
အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ
၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့် မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။
သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည် သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ (၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။
ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေ ဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်လို့ သုတအလို့ငှာ ရေးသားဖော်ပြလိုက်ပါရစေ...။

No comments:

Post a Comment

မင်္ဂလာပါ..